url
stringlengths
52
71
title
stringlengths
4
101
body
stringlengths
0
37.6k
https://www.dhammaransi.com/index.php/new/1672-2014-03-18-11-09-10.html
ကွန့်-ဆွံ့-တွန့်-ပြန့်
အရှင်ဘုရား၊ သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည်၊ သမာဓိလွန်လျှင် တွန့်သည်၊ ၀ီရိယလွန်လျှင် ပြန့်သည်-ဟု ဆိုရာဝယ် ယင်းကွန့်-ဆွံ့-တွန့်-ပြန့်-တို့၏ အဓိပ္ပါယ်ကို ကောင်းစွာနားမလည်သဖြင့် ရှင်းပြပေးတော်မူပါဘုရား။ ( ရှင်ဝိစာရိန္ဒ-ဥဿာ ) ( ဖြေ ) ကွန့်-သည်ဟူသည်မှာ ဖြစ်သင့်သည်ထက် ပိုလွန်ပြုလုပ်မှုကို ဆိုပါသည်။ ဆွံ့-သည်ဟုဆိုရာ၌ ပညာလွန်နှင့်စပ်လျှင် ဆွံ့ဟုဖြစ်သင့်သည်။ ဆွံ့မှာ သဒ္ဓါနုံ့ ဆွန့်၊ တွန့်၍ ဉာဏ်ကွန်၊ ပညာလွန်သော်၊ (မဃဒေ၀-၁၃၉) အကြောင်းမဖန့်၊ ဆွန့်ဆွန့်ရှားရှား၊ ချမ်းသာပါး၏။ (၄င်း-၁၉၃) တို့အရ ဖြစ်သင့်သလို မဖြစ်ဘဲ ဆုံးရှုံးပျက်စီးတတ်သည်ဟု ဆိုလို၏။ တွန့်သည် ဟူသည်မှာ တွန့်လိပ်သည်၊ တွန့်လိမ်သည် ဆိုသကဲ့သို့ နောက်တွန့်တိမ်းဖည်တတ်ခြင်းကို ဆိုလို၏။ မတင်မြူခန့်၊ ဘုန်းတော်ကန့်သည်၊ နောက်တွန့်ရန်မျိုး၊ ခွါရှောင်တည်း။ ( နာရဒ-၁၀ ) ပြန့်ဟူသည်မှာ ပျံ့လွင့်သည်၊ ပြန့်ကားသည် ဟူသကဲ့သို့ စည်းစည်းရုံးရုံး တလုံးတခဲတည်း မဖြစ်ဘဲ တဖျင့်တပါး ပြန့်ကားပျက်စီး၍ သွားတတ်သည်ဟု ဆိုလိုပါသည်။ ထို့ကြောင့် သဒ္ဓါ-ပညာ-သမာဓိ-၀ီရိယတို့ကို မပိုမလွန်စေရဟု ရှေးပညာရှိများက သတိပေးတော်မူကြလေ့ရှိသည်။ ( သဒ္ဓါ-ပညာ၊ သမာ-၀ီရိ၊ စောင်းနှယ်ညှိ )
https://www.dhammaransi.com/index.php/new/1673-2014-03-18-11-08-52.html
စတီးသပိတ်
အရှင်ဘုရား၊ သပိတ်အရောင်နှင့် ပတ်သက်သော ၀ိနည်းပညတ်ချက် ရှိပါသလားဘုရား၊ ယခုခေတ် ပေါ်နေသော (မည်သည့်အရောင်မျှ မဆိုးသော) စတီးသပိတ်ကို ကိုင်ဆောင်သင့်ပါသလားဘုရား။ ( ရှင်ဝိသုဒ္ဓ-မန္တလေး ) ( ဖြေ ) ခုဒ္ဒသိက္ခာတွင် ဒါရု ရူပိယ သောဝဏ္ဏာ၊ မဏိ ဝေဠုရိယာ မယာ-စသော အကပ္ပိယ သပိတ်များဆိုင်ရာ ဂါထာရှိရာ သစ်သား၊ ငွေ၊ ရွှေ၊ ပတ္တမြား၊ ကြောင်မျက်ရွဲ၊ ကြေးဖြူ၊ စဉ့်၊ သလွဲဖြူ၊ သလွဲမည်း၊ ဖန်၊ ကြေးနီ-စသော မအပ်သော သပိတ်တို့ကို ပြထားသည်။ စားသောက်ခွက် (ထာလက) နေရာ၌ တမ္ဗာယော မတ္တိကာမယာ-စသည်ဖြင့် ကြေးနီခွက်၊ သံခွက်၊ မြေခွက်တို့ အပ်ကြောင်း ဆိုသည်။ သပိတ်၌ မြေ-သံတို့ အပ်သည်ဆိုရာ၌ မီးဖုတ်၍ သုံးဆောင်ရကြောင်း သံသပိတ်၌ပင် အနည်းဆုံး နှစ်ကြိမ် ဖုတ်ရကြောင်း ဆိုသဖြင့် မည်းနက်သော အရောင်ရှိမှ သပိတ်အင်္ဂါမြောက်သည်ဟု ဆိုသင့်ပါသည်။ အထက်ပါတို့ကို ထောက်ဆ၍ စတီးသပိတ်မှာ သံခွက်အနေဖြင့် ဆွမ်းဘောဇဉ်များထည့်၍ စားသောက်နိုင်သော်လည်း သပိတ်အဖြစ် အဓိဋ္ဌာန်တင်၍ သုံးဆောင်ခြင်း၊ ဆွမ်းခံခြင်း စသည်တို့၌ ယင်းစတီးသပိတ် ဖြစ်နိုင်-မဖြစ်နိုင် စဉ်းစားဆင်ခြင်စရာပင် ဖြစ်ပါသည်။
https://www.dhammaransi.com/index.php/new/1674-2014-03-18-11-08-34.html
ဇီိဝိတဒါနကုသိုလ်
အရှင်ဘုရား၊ မီးအလင်းရောင်ဖြင့် စာကျက်နေစဉ် မီးရောင်အတွင်းသို့ ပိုးကောင်ငယ်များ လာရောက်ကြရာ ပိုးကောင်စား သတ္တ၀ါတကောင် စားရန်အလာ မစားရန် တားမြစ်မိပါသည်။ ထိုအတွက် အဘယ်အကုသိုလ်အပြစ် ထိုက်ပါသနည်း။ အဘယ်ကုသိုလ်အကျိုး ရရှိပါသနည်း၊ ဖြေကြားစေလိုပါသည်ဘုရား။ ( ဦးပညာဒီပ-ကျောက်ပန်းတောင်းမြို့ ) ( ဖြေ ) ကျားစားမည့်ဆဲဆဲ သမင်အား ကယ်ဆယ်ခြင်း၊ ကြွက်ခုတ်မည့်ကြောင်အား မောင်းနှင်ပစ်ကာ ကြွက်ကို ကယ်ဆယ်ခြင်း။ မြွေကိုက်နေသော ဖားကို လွှတ်စေခြင်း၊ စသည်တို့မှာ ဇီဝိတဒါန ဖြစ်သဖြင့် လွန်စွာကုသိုလ်ဖြစ်သည်။ တောလမ်းခရီးတွင် ထောင်ထားသော ပိုက်ကွန် ၊ ရေတွင်မြှုပ်ထားသော (ငါးထောင်သည့်) မြုံး၊ ငှက်မိနေသော လှောင်ချိုင့်တို့ကို တွေ့လျှင် ဖျက်ဆီး ဖော်ထုတ် ဖွင့်လွှတ်ခြင်းတို့ကို လုပ်သင့်ကြောင်း ကျမ်းစာ (အဘိ-ဋ္ဌ ၁-၁၂၂) တို့တွင် ဆိုထားပေသည်။ ဇာတ်တော်တို့တွင် ဂဠုန်လိုက်၍ ပြေးလာသော နဂါးလုလင်အား၊ ဘုရားလောင်းရသေ့ ကယ်တင်ခြင်း၊ ဒုကနိပါတ ဥရဂဇာတ် (ခု ၅-၃၇) ဓမ္မပဒ၀တ္ထုတွင် အ၀ရုဒ္ဒကဘီလူး စားတော့မည့်သူငယ်အား ဘုရားကိုယ်တိုင် ကယ်တင်သော အာယုဝဍ္ဎန သတို့သားဝတ္ထု စသည်တို့ကို သာဓကယူသင့်၏။ ထို့ကြောင့် ပိုးကောင်တို့အား စားရန်လာသည့် အိမ်မြှောင်စသော သတ္တ၀ါတို့အား သင်တို့အား ပါဏာတိပါတ မဖြစ်ရန် ငါတားမြစ်သည်။ ပိုးကောင်ငယ်တို့အားလည်း သင်တို့အသက်ကို ငါကယ်ဆယ်သည်-ဟု ဆို၍ တားဖြစ်ခြင်း၊ အသက်မသေစေခြင်းတို့အတွက် အကုသိုလ်ပြစ် မဖြစ်၊ လွန်စွာ ကုသိုလ်ဖြစ်သည်ဟု မှတ်သားသင့်ပါသည်။
https://www.dhammaransi.com/index.php/new/1675-2014-03-18-11-08-16.html
မာတုဂါမ
အရှင်ဘုရား၊ ဒါယိကာ ဥပါသိကာများ၌ မ,ထည့်၍ဒါယိကာမ, ဥပါသိကာမဟု ခေါ်ဆိုသကဲ့သို့ မာတုဂါမ၌လည်း မာတုဂါသဒ္ဒါ၌ မိန်းမဖြစ်၍ မ,ထည့်ကာ မာတုဂါမ-ဟု ခေါ်ဆိုခြင်း ဖြစ်ပါသလား၊ မူလရင်းကပင် မာတုဂါမသဒ္ဒါ ဖြစ်ပါသလား၊ ဖြေကြားရှင်းလင်းစေလိုပါသည်ဘုရား။ ( ရှင်သုဇာတ-လားရှိုးမြို့ ) ( ဖြေ ) မာတုဂါမသဒ္ဒါသည် ဒါယိကာ၊ ဥပါသိကာ သဒ္ဒါများတွင် မ,ထည့်၍ ခေါ်သကဲ့သို့ မဟုတ်၊ မူလရင်းကပင် မာတုဂါမသဒ္ဒါ ဖြစ်ပါသည်။ တီဟိ ဘိက္ခဝေ သမန္နာဂတော မာတုဂါမော-စသည်ဖြင့် မာတုဂါမသံယုတ် ပါဠိတော်၌ တိုက်ရိုက်ရှိပါသည်။ မာတုဂါမော-မာတုဂါမသည်-ဟု သဒ္ဒါအားဖြင့် ပုလ္လိင်ဖြစ်သည်။ မိခင်ကဲ့သို့ အလားတူသော မိခင်နှင့် အနွယ်တူဖြစ်သော-ဟု အဓိပ္ပါယ်ရှိသဖြင့် ရဟန်းတော်များအဖို့ မာတုဂါမ-ဟု သုံးနှုန်းခြင်းဖြင့် ဗြဟ္မစရိယ မညစ်နွမ်းသော အကျိုးရှိပါသည်။
https://www.dhammaransi.com/index.php/new/1676-2014-03-18-11-07-58.html
သံဃဒိသေသ်အာပတ်သင့်သော ရဟန်း
အရှင်ဘုရား၊ သံဃဒိသေသ်အာပတ်သင့်သော ရဟန်းသည် ပရိဝါသ်မာနတ် ဆောက်တည်ခြင်း စသော ကျင့်ဝတ်တို့ကို မပြုဘဲ လူဝတ်လဲ သိက္ခာချပြီး နောက်တဖန် ရဟန်းခံသော် ပထမသင့်ခဲ့သော အာပတ်တို့ ပြန်ပြီး ပါ-မပါ၊ သင့်-မသင့် ဖြေကြားပေးတော်မူပါဘုရား။ ( အရိယ၀ံသ-ဥတ္တမသာရ၊ ပန်းတောင်းမြို့ ) ( ဖြေ ) ရဟန်းခံ၍ ရဟန်းဖြစ်သောအခါ သင့်သောအာပတ်ကို မကုစားဘဲ သိက္ခာချ၍ လူထွက်ပြီးမှ တဖန် ရဟန်းပြန်ခံသော ပုဂ္ဂိုလ်မှာ ပထမရဟန်းဖြစ်စဉ်က သင့်သောအာပတ်သည် သိက္ခာချ၍ လူထွက်နေခိုက် သီလမရှိ၍ ကင်းနေပါသည်။ သို့သော်လည်း တဖန် ရဟန်းခံသဖြင့် ရဟန်းသီလ တည်သောအခါ၌ သင့်ပြီးခဲ့သော အာပတ်သည် ဒေသနာမကြားသမျှ မထဘဲ တည်မြဲတည်ပြန်သည်။ ထို့ကြောင့် ပထမရဟန်းခံတုန်းက သံဃဒိသေသ် သင့်ခဲ့လျှင် လူထွက်၍ ရဟန်းခံပြန်သောအခါ သင့်မြဲသင့်နေသဖြင့် ပရိဝါသ်မာနတ် ၀ုဋ္ဌာနကံဖြင့် ကုမှ စင်ကြယ်နိုင်သည်။ ပုဗ္ဗေ အာပန္နာပတ္တိကော ဥပ္ပဗ္ဗဇ္ဖိ တဿပိ န ပဋိပ္ပဿမ္ဘန္တိ-ဟူ၍၄င်း၊ ဥပသမ္ပန္နော ဘိက္ခု အန္တမသော ဒုဗ္ဘာသိတမ္ပိ အာပဇ္ဇိတွာ အပရဘာဂေ ၀ိဗ္ဘမိတွာ အာဂတော ဥပသမ္ပဇ္ဇတိ၊ တံ အာပတ္တိံ ဒေသေတွာဝ သုဇ္ဈတိ၊ နညထာတိ-ဟူ၍၄င်း၊ ၀ဇီရဗုဒ္ဓိဋီကာ၌ ဆိုထားပေသည်။
https://www.dhammaransi.com/index.php/new/1677-2014-03-18-11-07-26.html
စိတ်ရိုင်းကို ယဉ်ကျေးစေရန်
အရှင်ဘုရား၊ ရိုသေစွာ စာရေးမေးလျှောက်ပါသည်ဘုရား၊ တပည့်တော်သည် ဘုရားရှိခိုးသည့် အခါတွင် ဘုရားကို အာရုံပြု၍မရပါ။ ဇွတ်အတင်း အာရုံပြုကြည့်ပါသည်၊ခဏသာ ရပါသည်။ စိတ်ကိုတင်းပြီး ပြုလုပ်ပါသည်။ ဘုရားစာများကို ဆိုသာဆိုသွားပါသည်။ စိတ်က ဟိုရောက်လိုက်၊ သည်ရောက်လိုက် ဖြစ်နေပါသည်။ စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားပါသည်။ ပုတီးစိပ်သည့်အခါတွင် ဘုရားကို အာရုံပြုသာ ပြုနေရသည်၊ ဂုဏ်တော်များသာ ရွတ်၍ ပြီးသွားသည်၊ ဘာမျှ သိပ်မသိလိုက်၊ တပည့်တော် ၀ိပဿနာအလုပ်ကို မ၀င်ဖူးပါ၊ မ၀င်တာလဲ အဲသည်လိုဖြစ်မှာ စိုးရိမ်လို့ပါ၊ အရှင်ဘုရားမှ သနားကြင်နာစွာဖြင့် ဖြေကြားပေးတော်မူပါ။ ( မှိုင်း-ရန်ကုန် ) ( ဖြေ ) စိတ်ကို အမြဲလွှတ်ထားသဖြင့် ရိုင်းချင်တိုင်း ရိုင်းနေခြင်းဖြစ်သည်။ ထိန်းသိမ်းမရသော နွားဆိုးနွားမိုက်အား ကြိုးဖြင့် ချည်တိုင်တွင် ချည်နှောင်၍ ဆုံးမရသကဲ့သို့ ရိုင်းနေသော စိတ်ကို ၀ိပဿနာဖြင့်သာ ဆုံးမပေးသင့်သည်။ ၀ိပဿနာအားထုတ်လျှင် မည်မျှထိန်းသိမ်းမရသောစိတ်ပင် ဖြစ်စေ၊ သုံးလေးရက်အတွင်း ထိန်းသိမ်း၍ ရသွားသည်။ ငြိမ်သက်၍ သမာဓိရသွားသည်၊ ထိုအခါတွင် ဖြစ်မှုပျက်မှုများပါ မြင်လာသည်အထိ သူ့အလိုအလျောက် ယဉ်ကျေး၍ သွားလိမ့်မည်။ မည်သည့် ၀ိပဿနာနည်းပဲဖြစ်ဖြစ် အမြန်ဝင်ရောက် အားထုတ်သင့်ကြောင်း အကြံပေး ဖြေကြားအပ်ပါသည်။
https://www.dhammaransi.com/index.php/new/1678-2014-03-18-11-07-02.html
ငါးပါးသီလ တနေ့တာကိစ္စ
အရှင်ဘုရား၊ နံနက်အိပ်ရာထတွင် ငါးပါးသီလကို မခံယူမိ၊ သို့သော်လည်း ညအိပ်ရာဝင်သော် ငါးပါးသီလ မကျူးလွန် မဖောက်ဖျက်မိခြင်းကို စစ်ဆေးမိ၏။ ထိုနေ့သည် ငါးပါးသီလ စောင့်ထိန်းခြင်းကိစ္စ ပြီးမြောက်ပါ သလား ဘုရား။ ( ကိုလေး-ပုသိမ် ) ( ဖြေ ) သရဏဂုံဖြစ်စေ, ငါးပါးသီလဖြစ်စေ, တကြိမ်ခံယူထားပြီး မပျက်စီး မကျူးလွန်ပါက အမြဲတမ်း သရဏဂုံ ငါးပါးသီလနှင့် ပြည့်စုံနေသူ ဖြစ်ပါသည်။ မပျက်စီး မလွန်ကျူးသော်လည်း ကုသိုလ်ပွားရန် အကြိမ်ကြိမ် နေ့စဉ် နေ့တိုင်း ခံယူဆောက်တည်နေခြင်းဖြစ်၍ မခံယူမိသောနေ့ပင် ဖြစ်စေကာမူ ကျူးလွန်ဖောက်ဖျက်မိခြင်း မရှိက သီလ၌ တည်သူသာဖြစ်ကြောင်း မှတ်သားသင့်ပါသည်။
https://www.dhammaransi.com/index.php/new/1679-2014-03-18-11-06-30.html
ပဟေဠိကဗျာ
အရှင်ဘုရား၊ ထောင်တန်တဆယ်၊ ရာတန်တဆယ်၊ ၀ယ်သူကရှား၊ ဘယ်မင်းဘုရားဈေးဆိုင်နည်း-ဟူသော ပထမ ရွှေကျင်ဆရာတော်ကြီး၏ သြ၀ါဒကထာ အဓိပ္ပါယ်ကို သိလိုပါသည်။ ( ဦးသိန်းမြင့်-ကျောက်ပန်းတောင်း ) ( ဖြေ ) ထောင်တန်ပစ္စည်းနှင့် တူသော ဘုရား ပစ္စေကဗုဒ္ဓါဆု၊ ရာတန်ပစ္စည်းနှင့်တူသော အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကဆုတို့ကို ပါရမီ ၁၀-ပါး တရားတော်များကို ကျင့်သုံး၍ အရယူမည်ကို ကျင့်သုံးရယူသူ ရှားသည်ဟု ဆိုလိုဟန်တူပါသည်။ ဒကာဦးသိန်းမြင့်မေးသော ပဟေဠိကဗျာကဲ့သို့ပင် ထောင်တန်တဆယ်၊ ရာတန်တဆယ်၊ တွေ့တိုင်းဝယ်သည်၊ ဘယ်ပြည်ဘယ်ရွာ၊ ဈေးနှုန်းနည်း။ ထိုတဆယ်နှင့် ၀ယ်သူသာရှား၊ ရောင်းသူများသည်၊ တိုင်းကားဘယ်ပြည် ဘယ်ရွာနည်း-ဟု တွေ့ဖူးပါသေးသည်။ ဖော်ပြပါ အဓိပ္ပါယ်ပင် ဖြစ်ပါသည်။ ဤခေတ် ဤပြည် ဤရွာတို့တွင် ရောင်းသူပမာ ဟောကြားပြသသော ဆရာသမားများ ပေါများသော်လည်း ၀ယ်သူပမာ ကျင့်သုံးလိုက်နာသူ ရှားလှသည်ဟု ဆိုလိုရိပ်ပေါ်ပါသည်။
https://www.dhammaransi.com/index.php/new/1680-2014-03-18-11-06-13.html
ဘုန်းကြီးနှင့် အလုပ်အကိုင်
အရှင်ဘုရား၊ ကျောင်းထိုင်ရဟန်းတော်တပါးသည် ဘုန်းကြီးကျောင်း တံတားပျက်စီးရာတွင် လက်သမားအလုပ်၊ ပန်းရန်အလုပ်၊ ၀င်ရောက်လုပ်ကိုင်ရာ ၀ိနည်းတော်အရ လုပ်သင့်-မလုပ်သင့် သိလိုပါသည်၊ ဖြေကြားတော်မူပါဘုရား။ ( စိုးလွင်လွင်-၀ါးခယ်မမြို့ ) ( ဖြေ ) ရဟန်းတော်များ၌ အပ်စပ်သော န၀ကမ္မ (အမှုသစ်၊ အလုပ်ကိစ္စသစ်)များ ရှိပါသည်။ ကျောင်းပြင်ခြင်း၊ ခြံစည်းရိုးကာခြင်း၊ ကျောင်းသွားတံတားခင်းခြင်း၊ ပြုပြင်ခြင်းများမှာ လုပ်သင့်သော န၀ကမ္မများ ဖြစ်ပါသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးစ ရာဇဂြိုဟ်ပြည်တွင် ပထမသံဃာယနာတင်ရန် ကျောင်းကြီး ၁၈-ရပ်ကို ရဟန်းတော်များ ပြင်ဆင်ကြရကြောင်း ၀ိနည်းပါဠိတော်များတွင် ပါရှိပါသည်။ ကိုယ်တိုင် ငွေကြေးအလှူခံ၍ တည်ဆောက်လုပ်ကိုင်ခြင်းမျိုးသာ ၀ိနည်းတော်အရ မအပ်စပ် မလျော်ကန် ဖြစ်ရလေသည်။
https://www.dhammaransi.com/index.php/new/1681-2014-03-18-11-05-56.html
ကမ္မ၀ါစာကို ကြည့်၍ဖတ်ခြင်း
အရှင်ဘုရား၊ ရဟန်းသံဃာတော် အရှင်သူမြတ်များသည် ပိဋကတ်သုံးပုံကိုသော်မှ အာဂုံဆောင်နိုင်သူများ ဖြစ်ကြပါလျက် ကမ္မ၀ါစာ ရွတ်ဆိုရာတွင် ကမ္မ၀ါစာကြီးများ ကိုင်ဆောင်၍ ဖတ်ကြားနေကြသည်မှာ မစဉ်းစားတတ်ပါသဖြင့် သနားသည်းခံ၍ ဖြေကြားပေးတော်မူပါဘုရား။ ( ဦးစိန်မှို-ဆင်တဲကျေးရွာ၊ ပန်းတောင်းမြို့နယ် ) ( ဖြေ ) ရဟန်းသံဃာတော်အရှင်မြတ်များသည် ကမ္မ၀ါစာကို ရွတ်ဖတ်ရာတွင် ကမ္မ၀ါစာကို ကိုင်ငင်ကြည့်ရှု၍ ဖတ်ကြခြင်းမှာ အာဂုံမရ၍မဟုတ်၊ စာလုံးအက္ခရာတိုင်း၏ ဌာန်ကရိုဏ်း၊ ပယတ်၊ နိဂ္ဂဟိတ်၊ နိဂ္ဂဟိတ၀ိမုတ် စသည် အသံလွဲမှား မသွားရန်အတွက် ဖြစ်ပါသည်။ တစုံတရာလွဲမှားသွားလျှင် ပြုလုပ်နေသော ၀ိနည်းကံ ပျက်စီးသွားနိုင်ပါသည်။ ဥပမာ-တနှင့်ဋ၊ ထနှင့်ဋ္ဌ၊ မတူပါ။ တ-ကိုဖတ်လျှင် ဒန္တဇအက္ခရာဖြစ်၍ လျှာက သွားကို ထိရပါမည်။ ဋ-ကိုဖတ်လျှင် မုဒ္ဓဇအက္ခရာဖြစ်၍ လျှာက လျှာထိပ် (အာခေါင်) ကို ထိရပါမည်။ သံဃံ-က သံနှင့် သမ္မတိ-က သမ်သည် အသံချင်းတူသော်လည်း နိဂ္ဂဟိတနှင့် နိဂ္ဂဟိတ ၀ိမုတ္တ ဖြစ်၍ ရွတ်ဆိုပုံ ကွဲပြားပါသည်။ ထို့အတူ အက္ခရာတိုင်းကို မမှားမယွင်းရအောင် ကြည့်ရှု၍ ဂရုတစိုက် ရွတ်ဆိုဖတ်ကြားရသဖြင့် အလွတ်မရွတ်ဘဲ ကမ္မ၀ါစာကို ကြည့်ရှု၍ ရွတ်ဆိုရသည်ကို မှတ်သားကြည်ညိုရမည် ဖြစ်ပါသည်။
https://www.dhammaransi.com/index.php/new/1682-2014-03-18-11-05-36.html
မုက္ခပါဌ်-နှုက္ခပါဌ်
ဘုရားရှင်၏ မုက္ခပါဌ်တော် ဖြစ်တော်မူသော ဟူ၍၄င်း၊ နှုက္ခပါဌ်တော် ဖြစ်တော်မူသော ဟူ၍၄င်း၊ ဖတ်ရှုမိဖူးပါသည်။ ဘယ်အရာက မှန်သည်ကို သနားသဖြင့် အဓိပ္ပါယ်နှင့်တကွ ဖြေကြားပေးတော်မူပါဘုရား။ ( ရှင်ဥတ္တမ-ညော်ရွှေ ) ( ဖြေ ) မုက္ခပါဌ်-ဟူသည်မှာ မုခ-ပါဌ ဖြစ်၍ နှုတ်တော်ဖြင့် ရွတ်ဆိုဟောကြားခြင်းဟု အဓိပ္ပါယ်ရှိပါသည်။ မုခကို မြန်မာဘာသာ နှုတ်ဟု ပြန်သဖြင့် နှုတ်ခပါဌ်ဟု မြန်မာတ၀က် ခေါ်ဆိုထားသော စကားကို မမှတ်သားထိုက်ပါ။
https://www.dhammaransi.com/index.php/new/1683-2014-03-18-11-05-16.html
ဇိနိ နှင့် အဇိနိ
အရှင်ဘုရား၊ ဤမြတ်မင်္ဂလာစာစောင် အတွဲ (၁၁) အမှတ် (၆) ၁၉၉၅-ခုနှစ် ဒီဇင်ဘာလစာစောင်တွင် ဆောင်းပါးရှင်တဦး တင်ပြသော အောင်ခြင်းရှစ်ပါးဂါထာနှင့် အနက်ဖော်ပြထားပုံတို့ကို ဖတ်ရှုရသည်မှာ လွန်စွာနှစ်သက် ကြည်ညိုဖွယ်ပင် ဖြစ်ပါသည်ဘုရား။ သို့ရာတွင် ပါဠိဂါထာမှာ ဇိနိ-ဖြစ်ပါလျက် အနက်ဖော်ပြရာတွင် အဇိနိ-ဟု အ-သဒ္ဒါထည့်၍ အနက်ဖော်ထာခြင်းကို နားမလည်ဖြစ်ရပါသည်ဘုရား။ ဂါထာပုဒ်ရင်းတွင် ဇိနောဇိနိသည် သန္ဓိပုဒ်စပ် ပုဒ်ဖြတ် မရှိဟု မှတ်ယူပါသည်ဘုရား။ အ-သဒ္ဒါ န-သဒ္ဒါသည် ပါဠိပုဒ်၏အနက်အဓိပ္ပါယ်ကို တားမြစ်ခြင်းဟု မှတ်ယူပါသည်ဘုရား။ န သမဏော၊ အသမဏော၊ န ဗြဟ္မဏော၊ အဗြဟ္မဏော၊ ဖြစ်သလို နဇိနိ အဇိနိ ဖြစ်နိုင်သည်ဟု မှတ်ယူသဖြင့် ဖြေရှင်းပေးစေလိုပါသည်ဘုရား။ ( ဦးကျော်-ဆင်တဲကုန်းရွာ၊ မင်းလှမြို့ ပဲခူးတိုင်း ) ( ဖြေ ) ဇိနော ဇိနိ-မှာ ဇိနော-အဇိနိ ပုဒ်ဖြတ်ရသော သန္ဓိပုဒ်ပင် ဖြစ်ပါသည်။ ဇိနော-မြတ်စွာဘုရားသည်၊ အဇိနိ-အောင်ပြီ-ဟု အနက်ပေးရပါသည်။ ဤကဲ့သို့ ကိရိယာပုဒ်များ ပါဠိတော်၌ များပြားပါသည်။ ဓမ္မပဒပါဠိတော် ဂါထာတပုဒ်တွင် အက္ကောစ္ဆိမံ အ၀ဓိမံ၊ အဇိနိမံ အဟာသိမေ။ စသည်ဖြင့်ရှိ၍ အက္ကောစ္ဆိ, အ၀ဓိ, အဇိနိ, အဟာသိ ဟူသော ကိရိယာပုဒ်များကို ထောက်ဆနိုင်ပါသည်။
https://www.dhammaransi.com/index.php/new/1684-2014-03-18-11-04-57.html
ဒေါင်းမြီး ဘုရားလှူ
( မေး ) ( ဒေါင်းမြီး ဘုရားလှူ ) အရှင်ဘုရား၊ ပြဿနာပြေစေကြောင်း ကျမ်းပေါင်းသိ ထေရ်အရှင်၊ နောင်လာသူ သိစေမေးပါရ ရေးဖြေစေ့ချင်၊ ဒေါင်းမြီးပ ဘုရားတွင် တင်လှူသည့်အရေး၊ ရငြားကုသိုလ်နှင့် အကုသိုလ်ဖြစ်မည်လား ခြား၍ဖြေပေး။ ( ဦးစိုးမြင့်-အမှတ် ၁၊ သံနှင့်သံမဏိစက်ရုံ၊ အနီးစခန်း ပြင်ဦးလွင်မြို့ ) ( ဖြေ ) ပြဿနာ မေးကာထား၊ ဖြေကြားရ ထေရ်အရှင်၊ ဗုဒ္ဓစာပေရေးဟာမို့၊ မေးက ဖြေတင်၊ဒေါင်းမြီးနှင့်တူအင်၊ ဘုရင်တို့အသုံး၊ သားမြီးယပ် အမြတ်ယူသလိုပ ၊ဒေါင်းမြီးကို ယပ်ပုံမှန်းလို့၊ လှူဒါန်းလျှင် ကုသိုလ်ပွားမယ် ခြား၍ဖြေကုံး
https://www.dhammaransi.com/index.php/new/1685-2014-03-18-11-04-26.html
အောင်ဂါထာ
အရှင်ဘုရား၊ တပုဒ်တည်းနှင့် သောတာပတ္တိမဂ်ကို ရစေနိုင်သော အောင်ဂါထာဟူ၍ ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ ၊ တေသံ ဟေတုံ တထာဂတော အာဟ ။ တေသဉ္စ ယော နိရောဓော ၊ ဧ၀ံ ၀ါဒီ မဟာသမဏော ။ ဟု ဆိုပါသည်။ ဤဂါထာသည် ဘုရားဟောဖြစ်ပါသလား၊ အစ အဆုံးဖြစ်ပါသလား၊ အဓိပ္ပါယ်ဖော်ပြပေးပါရန် လျှောက်ထားပါသည်ဘုရား။ ( ဦးစံအောင်-ရန်ကုန် ) ( ဖြေ ) ယေ ဓမ္မာ-စသောဂါထာမှာ ဘုရားဟော မဟုတ်ပါ။ အရှင်သာရိပုတ္တရာ အလောင်း ဥပတိဿပရိဗိုလ်အား ပဉ္စ၀ဂ္ဂီငါးဦး အပါအ၀င် အရှင်အဿဇိ ရဟန္တာအရှင်မြတ် ဟောကြားသော ဂါထာဖြစ်၍ ဖော်ပြပါအတိုင်း လေးပါဒမှာ အစအဆုံးပင် ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ အကြင် ( ဒုက္ခသစ္စာ ) တရားတို့သည် အကြောင်း သမုဒယ-သစ္စာကြောင့် ဖြစ်ကုန်၏။ ထို ( ဒုက္ခသစ္စာ ) တို့၏ အကြောင်း သမုဒယသစ္စာဖြစ်သော တရားကို၎င်း၊ ထိုအကျိုး ( ဒုက္ခသစ္စာ )၊ အကြောင်း ( သမုဒယသစ္စာ ) တရားတို့၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာ၊ ချုပ်ငြိမ်းကြောင်း မဂ္ဂသစ္စာ-တရားကို၎င်း။ မြတ်စွာဘုရားသည် ဟောတော်မူ၏။ ရဟန်းမြတ်ဖြစ်သော မြတ်စွာဘုရားသည် ဤသို့ အယူရှိ၏-ဟူ၍ ဖြစ်ပါသည်။
https://www.dhammaransi.com/index.php/new/1686-2014-03-18-11-04-06.html
အကျင့် နှင့် ပါရမီ
အရှင်ဘုရား၊ အကျင့်နှင့်ပါရမီ မည်ကဲ့သို့ ကွာခြားသည်ကို အမိန့်ရှိစေလိုပါသည်ဘုရား။ ( မောင်မြင့်ကြည်-မိတ္ထီလာ ) ( ဖြေ ) အကျင့်-ဟူသည် မည်သည်ကိုမျှ ဆုတောင်း ဆုယူ မပြုဘဲ ဒါန သီလ ဘာဝနာတို့ကို ကျင့်သုံးခြင်းဖြစ်၍ ပါရမီ-ဟူသည်မှာ သမ္မာသမ္ဗောဓိ၊ ပစ္စေကဗောဓိ၊ သာဝကဗောဓိ၊ ဟူသော ဗောဓိဆုတမျိုးမျိုးကို တောင်းဆို၍ ဒါန သီလ စသော တရားတို့ကို ကျင့်သုံးခြင်း ဖြစ်ပါသည်။
https://www.dhammaransi.com/index.php/new/1687-2014-03-18-11-03-47.html
ကောလာဟလ
အရှင်ဘုရား၊ ဘုရားပွင့်ပေါ်ခါနီး၌၄င်း၊ မင်္ဂလာတရား ပေါ်ပေါက်ခါနီး၌၄င်း၊ ကမ္ဘာကြီး ပျက်စီးခါနီး၌၄င်း၊ ကောလာဟလသတင်း ထွက်ပေါ်ပြီးမှ ၄င်းတရားတို့ ပေါ်ပေါက်လာသည်ဟု သိရပါသည်။ ဟုတ်သည် မဟုတ်သည်ကို၎င်း၊ မည်မျှကြာသည်ကို၎င်း၊ သိလိုပါ၍ မေတ္တာရှေ့ထား ဖြေကြားပေးပါဘုရား။ ( အရှင်ဇနက-သီရိဓမ္မာရုံကျောင်း ) ( ဖြေ ) ကောလာဟလသည် ၁။ ကမ္ဘာပျက်မည်ကို အနှစ်တသိန်းက ၂။ ဘုရားပွင့်မည်ကို အနှစ်တထောင်က ၃။ စကြာမင်း ဖြစ်မည်ကို အနှစ်တရာက ၄။ မင်္ဂလာတရား ဟောမည်ကို တဆယ့်နှစ်နှစ်က ၅။ မောနေယျ ပဋိပဒါကျင့်မည်ကို ခုနစ်နှစ်က ကြိုတင်၍ အုတ်အုတ်ကျက်ကျက် ပြောဆိုကြသည်။ ထူးထူးခြားခြားဖြစ်မည်ကို တိတ်ကြီးနိမိတ်ကြီးများ အနေဖြင့် အုတ်အုတ်ကျက်ကျက် ပြောဆိုခြင်းများ ကြိုတင်ဖြစ်ပေါ်ခြင်းကို ကောလာဟလဟု ဆိုသည်။ အမှန်တကယ်ဖြစ်ပေါ်ခဲ့သည်ကို ကျမ်းဂန်များ၌ ဖော်ပြထားခြင်းဖြစ်၍ ဟုတ်မှန်ပါသည်။ ဤခေတ်တွင်လည်း ထင်ရှားသော သမိုင်းဖြစ်စဉ်ကြီးများ ဘုန်းတန်ခိုးကြီးမားသော ပုဂ္ဂိုလ်ကြီးများ ဆိုင်ရာ၌ ထိုကဲ့သို့သော တိတ်ကြီးနိမိတ်ကြီးများ ဖြစ်ပေါ်လေ့ရှိကြောင်း သိနိုင်ပါသည်။
https://www.dhammaransi.com/index.php/new/1688-2014-03-18-11-03-26.html
မဏိမေခလာ နတ်သမီး
အရှင်ဘုရား၊ ဘုရားလောင်း ဇနကမင်းသားကို ကယ်တင်ခဲ့သော မဏိမေခလာ နတ်သမီးသည် အလောင်းတော်၏ ယခင်ဘ၀များနှင့် တွေ့ဆုံ၍ ပါရမီဖြည့်ခြင်း ရှိခဲ့ပါသလား၊ အလောင်းတော် ဇနကမင်းသား ဘုရားဖြစ်ချိန်တွင် မဏိမေခလာ နတ်သမီးသည် အဘယ်သူဖြစ်ပါသနည်း၊ သမုဒ္ဒရာ၌ပင် အစောင့်အဖြစ် ရှိနေပါသလား၊ မဏိမေခလာနတ်သမီး၏ ဘ၀ကြောင်းရာကို သိလိုပါသည်ဘုရား။ ( ကျိုက္ကဘာ စန္ဒ-ဖျာပုံမြို့ ) ( ဖြေ ) တဒါ သမုဒ္ဒရက္ခိတော ဒေ၀ဓီတာ ဥပ္ပလ၀ဏ္ဏော အဟောသိ-ဟု ဇာတ်အဋ္ဌကထာ (ဇာ-ဋ္ဌ၊ ၆-၈၄ ) ၌ ပါရှိ၍ မဏိမေခလာမည်သော သမုဒ္ဒရာစောင့်နတ် နတ်သမီးသည် ဥပ္ပလ၀ဏ္ဏာထေရီမ (တန်ခိုးအရာ၌ ဧတဒဂ်ရ လက်ဝဲတော်ရံ ရဟန္တာမ) ဖြစ်ပါသည်။ ဥပ္ပလ၀ဏ္ဏာထေရီမသည် လွန်ခဲ့သော ကမ္ဘာတသိန်းက ပဒုမုတ္တရ မြတ်စွာဘုရားအထံတွင် ဆုတောင်းခဲ့ပြီး ငါးရာ့ငါးဆယ် ဇာတ်တော်တို့တွင် ဘုရားလောင်းနှင့် ထပ်ခါတလဲလဲ တွေ့ဆုံ၍ အကူအညီပေးခဲ့ပုံတို့ကို တွေ့နိုင်ပါသည်။
https://www.dhammaransi.com/index.php/new/1689-2014-03-18-11-03-08.html
ဒက္ခိဏသာခါ ဘုရား
အရှင်ဘုရား၊ ဒက္ခိဏသာခါ ဘုရားသည် မည်သည့်အချိန်က ပွင့်တော်မူသော ဘုရားပါလဲဘုရား၊ ဤရုပ်ပွားတော်ကို ကိုးကွယ်သူများက မီးကွင်းသည်၊ လာဘ်ပေါများသည်ဟု ပြောကြပါသည်။ ဤသည်မှာ အမှန်ပါပဲလားဘုရား၊ ဘာကြောင့် ဤသို့ မီးကွင်းရပါသလဲ၊ ဂေါမတဘုရားကဲ့သို့ သဗ္ဗညုတဘုရားရှင်ကော ဟုတ်ပါသလား၊ ဤဒက္ခိဏသာခါ ရုပ်ပွားတော်များကို အိမ်အများစုမှာ ကိုးကွယ်၍စေတီပုထိုးများတွင် မတွေ့ရခြင်းမှာ ဘာကြောင့်ပါလဲဘုရား၊ ဤဒက္ခိဏသာခါ ဘုရားရုပ်ပွားတော်များကို ကိုးကွယ်သူများက တပည့်တော်မတို့၏ ဂေါတမရှင်တော်မြတ်ဘုရားက တန်ခိုးမရှိသယောင် ပြောဆို၍ ဒက္ခိဏသာခါ ရုပ်ပွားတော်များကသာ တန်ခိုးရှိကြောင်း ပြောဆိုနေပါ၍ ဤပြဿနာကို ဖြေရှင်းပေးတော်မူပါဘုရား။။ ( မလဲ့လဲ့ဝင်း-တောင်ဥက္ကလာ ) ( ဖြေ ) ဒက္ခိဏသာခါ-ဟူသည်မှာ သီးခြားဘုရာတဆူ မဟုတ်၊ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားကိုပင် ပုံတော်ရုပ်တု ပြုလုပ်၍ ကိုးကွယ်ကြခြင်းပင် ဖြစ်သည်။ ဒက္ခိဏသာခါ ဆိုသည်မှာ တောင်ဘက်အကိုင်း ဟု ဆိုလိုသည်။ ဗောဓိညောင်ပင်၏ တောင်ကိုင်းကို ဖြတ်ယူ၍ သီရိလင်္ကာ၌ စိုက်ပျိုးပူဇော်ရာ ထိုညောင်ပင်မှ အကိုင်းအခက်အလက်တို့ကို ထုလုပ်၍၄င်း၊ သားရိုးပြုလုပ်၍၄င်း၊ ဘုရားရုပ်ပွားတော်အဖြစ် ကိုးကွယ်ကြသည်ကို ဒက္ခိဏသာခါ ခေါ်သည်။ ထိုဘုရားပုံတော်များကို တု၍ နောက်ခေတ်၌ ထုလုပ်ကိုးကွယ်ကြသမျှပင် ဒက္ခိဏသာခါ ရုပ်ပွားတော်များဟု ဆိုပါသည်။ စင်စစ် ဂေါတမဗုဒ္ဓ၏ ဥဒ္ဒိဿစေတီများပင် ဖြစ်သည်။ မီးကွင်းသည် စီးပွားတက်သည် ဆိုသည်မှာလည်း ပူဇော်ကိုးကွယ်သူတို့၏ စေတနာအရ ဖြစ်သဖြင့် ရုပ်ပွားတော်၏ တန်ခိုးဣဒ္ဓိပါဒ်ဟု ဆိုရန်မသင့်ပါ။ ကိုးကွယ်သူ စေတနာကောင်း ကောင်းသလောက် အကျိုးကြီးမည်မှာ ဓမ္မတာသာ ဖြစ်ပါသည်။ အိမ်များမှာသာ ရုပ်ပွားတော်များကို တွေ့ရ၍ ဘုရားစေတီများမှာ မတွေ့ရခြင်းမှာ ရုပ်ပွားတော်များမှာ သေးငယ်၍ စေတီတော်များ၌ ပူဇော်ထားရှိခြင်း မပြုကြခြင်း-ဟု မှတ်သားသင့်ပါသည်။ အလားတူ မေးထားသော မောင်ရွှေညို (မိတ္ထီလာမြို့)လည်း ဤအဖြေအတိုင်း မှတ်သားထားစေလိုပါသည်။
https://www.dhammaransi.com/index.php/new/1690-2014-03-18-11-02-43.html
မဟာစေတီနှင့် ကောင်းမှုတော်
အရှင်ဘုရား၊ သီရိလင်္ကာနိုင်ငံတွင် အကြီးဆုံးဖြစ်သော မဟာစေတီကြီးသည် တပည့်တော်တို့နိုင်ငံမှ ကောင်းမှုတော်ကြီးနှင့်စာလျှင် မည်သည်က ကြီးပါသနည်းဘုရား။ တတ်နိုင်ပါက အရွယ်ပမာဏတို့ကိုပါ နှိုင်းယှဉ်ဖော်ပြ၍ ဖြေကြားစေလိုပါသည်ဘုရား။ ( ဦးတင့်ဆွေ-ညောင်ပင်သာရပ်၊ ကလေးမြို့ ) ( ဖြေ ) သီရိလင်္ကာနိုင်ငံရှိ မဟာစေတီကြီးမှာ အမြင့်ဉာဏ်တော် ၁၂၀၊ လုံးပတ်တော် ၃၆၀-ရှိကြောင်း ဘော ဣမံ မဟာစေတိယံ ၀ီသ ရတနေန သတာယာမံ၊ တိသတ သဋ္ဌိရတန ပရိဏာဟံ ဟောတိ-ဟု သာရတ္ထဒီပနီ ဋီကာကို ကိုး၍ သတပဒိကပုစ္ဆာကျမ်း၌ မင်းကွန်းဆရာတော် ဖြေဆိုပါသည်။ မြန်မာနိုင်ငံမှ ကောင်းမှုတော်ကြီးမှာ အမြင့်ဉာဏ်တော် ၁၀၁-တောင်၊ လုံးပတ်တော် ၅၀၂-တောင်၊ ၂-မိုက်၊ ၄-သစ် ရှိကြောင်း စွယ်စုံကျမ်း၌ ဖော်ပြထားသဖြင့် သီရိလင်္ကာ မဟာစေတီကြီးက ဉာဏ်တော်မြင့်၍ ကောင်းမှုတော်ကြီးက လုံးပတ်ကြီးကြောင်း သိရပါသည်။
https://www.dhammaransi.com/index.php/new/1691-2014-03-18-11-02-16.html
အလှူခံယူခြင်း
( မေး ) ( အလှူခံ ယူခြင်း ) အရှင်ဘုရား၊ ဘုရားတည်၊ ကျောင်းဆောက်၊ လှူခံကောက်သူ၊ ခိုင်ထောက်နှုန်းစား၊ ယူခြင်းများမှာ၊ ဘုရားကျောင်းငွေ၊ စားသောက်လေ၍၊ ပြစ်နေ ရှိ-မရှိ၊ သိလိုဘိ၏၊ ဖြေညှိရှင်းတော်မူပါ့ဘုရား။ ( ကိုကျော်မြင့်(ရွှေ) နတ်တလင်းမြို့ ) ( ဖြေ ) ကျောင်းဘုရားကို၊ တည်ဆောက်လို၍၊ ထိုထိုဆောက်ဦး၊ ဆည်းပူးယူနှင့်၊ ပြုသူလက်ခ၊ ကုန်အကျပါ၊ ဘယ်မျှသိန်းသန်း၊ ကိန်းဂဏန်းဟု၊ တွက်မှန်းပြောကြ၊ မှတ်သားရသို့၊ မူလအလှူခံ၊ လုပ်အားမှန်ကို၊ ထိုက်တန်သမျှ၊ ကုန်အကျဝယ်၊ မှတ်ရစာရင်း၊ ခိုင်နှုန်းရှင်း၍၊ ပေးခြင်းကိုပါ၊ တူမှတ်ရာ၏၊
https://www.dhammaransi.com/index.php/new/1692-2014-03-18-11-01-52.html
ကာရက သံဃာနှင့် ထဘီ နေကထိုင်
အရှင်ဘုရား၊ ( ၁ ) ရဟန်းခံရာတွင် ကာရကသံဃာ ရေတွက်ရာ၌ ဥပဇ္ဈာယ်ဆရာ၊ ကမ္မဝါစာဆရာများ ထည့်သွင်း၍ ရေတွက်ရ-မရေတွက်ရ။ ( ၂ ) အမျိုးသမီးများ ဝတ်ဆင်သော ထဘီများသည် ရဟန်းတော်များ၌ အမျိုးသမီး အသက်ရှင်စဉ် မအပ်စပ်ဘဲ အဘယ့်ကြောင့် အသက်သေသွားချိန်မှာ နေကထိုင်-စသည် ချုပ်လှူက အပ်စပ်ပါသလဲဘုရား။ ( အရှင်ဝိဇယ-စွယ်ကွေ့ကျေးရွာ၊ စစ်ကိုင်းတိုင်း ) ( ဖြေ ) ( ၁ ) ကာရကသံဃာဟူသည်မှာ ဥပသမ္ပဒကံ ဆောင်ရာ၌ ပါဝင်သော ရဟန်းအားလုံးကိုပင် ခေါ်ပါသည်။ ကာရက-ရဟန်းဖြစ်အောင် ပြုလုပ်ဆောင်ရွက်ပေးသော။ သံဃာ-သံဃာတော်အပေါင်း ဖြစ်ပါသည်။ သို့သော် ရဟန်းခံရက်ချုပ် ရေးရာ၌ ဥပဇ္ဈာယ်အမည်၊ ကမ္မဝါစာဆရာ အမည်များကို ဖော်ပြပြီး ဖြစ်နေ၍ ကျန်သံဃာများကိုသာ ကာရကသံဃာ-ဟု ရေးသားလေ့ရှိနေကြပါသည်။ ( ၂ ) အမျိုးသမီး ထဘီများကို ကွယ်လွန်မှသာ နေကထိုင်၊ ကန့်လန့်ကာ စသည် ချုပ်လှူလေ့ရှိသဖြင့် ကွယ်လွန်မှ ကိုင်ကောင်း၊ အလှူခံကောင်းသကဲ့သို့ ထင်မှတ်နေကြပါသည်။ အမှန်မှာ အသက်ထင်ရှားရှိစဉ်ကပင် ချုပ်လုပ်လှူဒါန်းလျှင်လည်း အလှူခံကောင်းပါသည်။ အမျိုးသမီးကိုယ်၌ ဝတ်ဆင်ထားစဉ်သာ ထိုဘမီ (အဝတ်) ကို မကိုင်ကောင်းပါ။ အကယ်၍ ခရီးသွားစဉ် ရဟန်း၏ သင်္ကန်းတို့ကို ခိုးသူလုယက်သွားလျှင် ရဟန်းသည် ဝတ်လစ်စလစ် မနေကောင်း၊ တွေ့ရာဘမီကိုသော်၄င်း၊ ဝတ်ဆင်ရမည်။ သို့မဟုတ်-သစ်ကိုင်း၊ သစ်ခက်တို့ကို ကိုယ်တိုင်ချိုး၍သော်၄င်း၊ ဝတ်ဆင်ရမည်-ဟု စာရှိပါသည်။
https://www.dhammaransi.com/index.php/new/1693-2014-03-18-11-01-34.html
စကျင်ကျောက်ဆင်းတု
အရှင်ဘုရား၊ တပည့်တော်မအိမ်တွင် စကျင်ကျောက်ဖြင့် ထုလုပ်ကိုးကွယ်ထားသော ဘုရားဆင်းတုတော်တဆူ ရှိပါသည်။ မိဘလက်ထက်က ကိုးကွယ်ခဲ့သော ဘုရားဆင်းတုတော် ဖြစ်ပါသည်ဘုရား။ ( ၁ ) စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဆင်းတုတော်ကို ဆက်လက်ကိုးကွယ်ရန် သင့်-မသင့်၊ အကယ်၍ မသင့်တော်ပါက မည်ကဲ့သို့၊ မည်သည့်နေရာသို့ လှူဒါန်းရမည်ကို ဖြေကြားပေးတော်မူပါဘုရား။ ( ၂ ) စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ဆင်းတုတော်ကို အိမ်၌ကိုးကွယ်ပါက စီးပွားရေး ကျန်းမာရေး ညံ့တတ်သည်ဟု ဆိုသည်မှာ မှန်-မမှန် သိလိုပါသည်၊ ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။ ( မခင်ဝင်းမြင့်-မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့ ) ( ဖြေ ) ဥဒ္ဒိဿစေတီဟူသော ရုပ်ပွားဆင်းတုတော်များကို အုတ်၊ ကျောက်၊ အင်္ဂတေ၊ သစ်သား၊ သံ၊ ကြေး၊ ပန်းပေါင်း၊ သားရိုး စသည်တို့ဖြင့် အရွယ်အစားစား ထုလုပ်ကိုးကွယ်ကြသည်မှာ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်တို့၏ ထုံးတမ်းဓလေ့ပင် ဖြစ်ပါသည်။ အိမ်ဦးဘုရားခန်း၌ ကြီးမားသော အုတ်၊ အင်္ဂတေတို့ဖြင့် မထုလုပ်၊ မတည်ထားဘဲ ကျောက် ( စကျင်ကျောက် )၊ သံ၊ ကြေး၊ သစ်သား စသည်တို့ဖြင့် ကိုးကွယ်ကြမြဲဖြစ်ပါသည်။ ကျောက်ဖြင့်ထုလုပ်ကိုးကွယ်ခြင်းမှာလည်း အလွန်ရှေးကျသော ခေတ်ကပင် ကိုးကွယ်ခဲ့သော အစဉ်အလာဖြစ်ခဲ့ ပါသည်။ သာဓကအားဖြင့်-ယခု ပန်းတောင်း ပေါ်တော်မူ ရုပ်ရှင်တော်မြတ်-မှာ ကျောက်သားဆင်းတုတော် ဖြစ်၍ မူလအလောင်းစည်သူမင်းမြတ် တိုင်းခမ်းလှည့်လည်ရာ မဟာသမုဒ္ဒရာ ဇမ္ဗူ့သပြေပင်ရှိရာ အရပ်မှ ပင့်ဆောင်လာသော ရှင်ဖြူဘုရားဖြစ်၍ စစ်ကိုင်းချောက်မ အရပ်၌ ဂူတည်၍ ကိုးကွယ်ခဲ့ကြောင်း၊ နောက် မဏိပူရသို့ ရောက်သွားခဲ့ရာ အလောင်းမင်းတရားကြီး လက်ထက် ပြန်လည်ပင့်ဆောင်လာပြီး နန်းဦး၌ ကိုးကွယ်ခဲ့ရာ သားတော် ဆင်ဖြူရှင်လက်ထက်အထိ အင်းဝ နန်းဦး၌ ကိုးကွယ်ခဲ့ကြောင်း။ ၁၁၂၆-ခုနှစ်တွင် သူရဲဇီး မြို့စား ဦးငြိမ်းက တောင်းပန်၍ ပန်းတောင်းသို့ ပင့်ဆောင်လာကြောင်း စသည့်သမိုင်းကြောင်း ရှိလေသည်။ ထိုသို့ နန်းတော်အတွင်း၌ပင် ကျောက်ဆင်းတု ဥဒ္ဒိဿစေတီတော်များကို ကိုးကွယ်ခဲ့သော ထုံးတမ်းစဉ်လာကိုကြည့်၍ အိမ်၌ ကျောက်ဆင်းတု မကိုးကွယ်ကောင်း၊ ကိုးကွယ်လျှင် စီးပွားရေး ကျန်းမာရေး ညံ့တတ်သည်ဝဟု ယူဆနေသည်မှာ ဗုဒ္ဓဘာသာမပီသရာ ကျလေသည်။ ဤခေတ် လူချမ်းသာအိမ် တော်တော်များများမှာပင် ကျောက်ဆင်းတု ဥဒ္ဒိဿစေတီတော်များ ကိုးကွယ်ပူဇော်ထားသည်ကို တွေ့ရသည်။ မိမိ၏သဒ္ဓါစေတနာသာလျှင် ပဓာနဖြစ်ကြောင်း ဖြေကြားလိုပါသည်။
https://www.dhammaransi.com/index.php/new/1694-2014-03-18-11-01-14.html
နဝမခေတ် နဝင်းကျေ
ဆရာတော်ဘုရား၊ နဝမခေတ်၊ နဝင်္ဂ၊ နဝင်း၊ နဝင်းကျေ ဆိုသောစကားများကို ကြားဖူးသော်လည်း အဓိပ္ပါယ် မသိပါ၍ ရှင်းပြတော်မူပါဘုရား။ ( ထက်ထက်-ကမာရွတ် ) ( ဖြေ ) နဝမခေတ်ဟူသည်မှာ ကိုးခုမြောက် အခါကာလဟု ဆိုလိုသည်။ ကိုးခုမြောက်ကို သိရန် ရှေးဦးစွာ အခါကာလရှစ်ခုကို သိဖို့ လိုပါသည်။ ယင်းမှာ ရပ်ပြစ်ရှစ်ပါးဟူသော ရှစ်မျိုးသော အပြစ်ရှိသည့် အရပ်များပင် ဖြစ်သည်။ ၁-ငရဲ ၂-တိရစ္ဆာန် ၃-ပြိတ္တာ ၄-နာမ်မရှိ ရုပ်သာရှိသော အသညသတ်ဘုံ ၅-သာသနာတွင်းဖြစ်သော်လည်း မျက်စိမမြင်၊ နားမကြား စသော ဣန္ဒြေချို့သူ ၆-မိစ္ဆာဒိဋ္ဌိအယူရှိသူ ၇- ပစ္စန္တရစ်အရပ်၌ ဖြစ်ရသူ ၈-တရားရနိုင်သော တိဟိတ်ပုဂ္ဂိုလ်ဖြစ်သော်လည်း သာသနာပတွင် ဖြစ်ရသူတို့ ဖြစ်သည်။ ဤရှစ်ပါးပြီးသည့်နောက် ၉-ပါးမြောက်အခါကာလဟု ဆိုရမည့် ဘုရားပွင့်သည့် သို့မဟုတ် ဘုရားသာသနာတော် ထွန်းလင်းသည့် အချိန်၊ ဗုဒ္ဓုပ္ပါဒကာလ နဝမခေတ်အချိန်၊ ဗုဒ္ဓုပ္ပါဒနဝမခဏဟုလည်း ခေါ်သည်။ နဝင်္ဂ ဆိုသည်မ-အင်္ဂါကိုးပါးရှိသော-ဟု ဆိုလိုသဖြင့် ကိုးပါးသီလစသည်များကို ဆိုသည်။ နဝင်း-နဝင်းကျေ-ဆိုသည်တို့ကား ဗေဒင်သုံးစကားများ ဖြစ်သည်။ နဝင်းမှာ တရာ့ရှစ်ကွက်ရှိသော ၁၂-ရာသီစက်တွင် ၁၂-စိတ် တစိတ် ( ကိုးနဝင်း ) ဖြစ်လေသည်။
https://www.dhammaransi.com/index.php/new/1695-2014-03-18-11-00-51.html
အဘိုး၊ အဘ၊ အဖေကြီးနှင့် လက်ခြောက်ချောင်း
အရှင်ဘုရား ၁။ အချို့လူပုဂ္ဂိုလ်များသည် ဆရာတော်ကြီးများအား အဘိုး၊ အဘ၊ အဖေကြီးဟု ခေါ်ဝေါ်သုံးစွဲနေကြပါသည်။ ထိုသို့ ခေါ်ဝေါ်သုံးစွဲသင့်-မသင့် ဖြေကြားပေးတော်မူပါဘုရား။ ၂။ အချို့သော ဆင်းတုတော်များမှာ လက်ချောင်းတော်ကလေးများကို တဖက်က ၅-ချောင်း၊ တဖက်က ၆-ချောင်း ပြုလုပ်ထားခြင်းကို တွေ့ရပါသည်။ မေးကြည့်ရာတွင် ၁၁-မီးငြိမ်းရန် အဓိဋ္ဌာန်၍ လှူသည်ဟု သိရပါသည်။ ထိုသို့ လုပ်သင့်-မလုပ်သင့် ဖြေကြားပေးတော်မူပါဘုရား။ ( မတင်ဇာဦး-အ-ထ-က(၁) လှိုင် ) ( ဖြေ ) ၁။ မြတ်စွာဘုရားသည် လာရောက်စွပ်စွဲသော သိဥ္စမာနအား ဘဂိနိ-နှမဟု ခေါ်ဝေါ်သုံးစွဲ၍ စကားဆိုတော်မူပါသည်။ ထို့အတူ အင်္ဂုလိမာလသုတ်၌ ယတောဟံ ဘဂိနိ-ဟု အမျိုးသမီးအား နှမ-ဟု ခေါ်ဆိုခဲ့သည်။ ရဋ္ဌပါလမထေရ်သည် အိမ်ဖော် မိန်းကလေးအား ထို့အတူပင် ခေါ်ဝေါ်၏။ ဘဂိနီတိ အရိယဝေါဟာရော-ဟု မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ၌ ဖွင့်ဆိုသည်။ ယင်းတို့မှာ အရိယာ ဝေါဟာရ၊ အရိယာပုဂ္ဂိုလ်များ၏ ခေါ်ဝေါ်သုံးစွဲခြင်း-ဟု အဓိပ္ပါယ်ရှိသည်။ ဤသို့ နှမအရွယ်ကို နှမ၊ အမိအရွယ်ကို အမိ-ဟု ခေါ်ဝေါ်ခြင်းမှာ တပ်မက်တွယ်တာမှုကို ကာကွယ်နိုင်သည်ဟု ဆိုသည်။ မဟာမိတ္တမထေရ်မြတ်၏ ဆွမ်းဒါယိကာမ သားအမိတို့က မထေရ်အား သားတော်၊ အကိုတော်-ဟု သုံးစွဲခေါ်ဝေါ်ကြသည်။ နကုလမာတာ နကုလပိတာ တို့က မြတ်စွာဘုရားအား သားတော်-ဟုခေါ်၍ ပြောဆိုသည်ကိုလည်း ဘုရားရှင် ခွင့်ပြုသည်။ ထို့ကြောင့် ဆရာတော်ကြီးများအား ရင်းနှီးကြည်ညိုစိတ်ဖြင့် အဘိုး၊ အဘ၊ စသည်ခေါ်ဝေါ်ခြင်းမှာ အပြစ်ရှိစရာ မမြင်ပါ။ ရှမ်းပြည် နယ်သူအများအပြားသည် ဆရာတော်ကြီးများ အား ဘဘုန်း-ဟု ခေါ်ဝေါ်ကြမြဲ ဖြစ်သည်ကို တွေ့ရသည်။ ၂။ ဘုရားပုံတော်များ ရုပ်တုတော်များကို ဤသို့ လက်ခြောက်ချောင်းစသည် ထုလုပ်ခြင်းမှာ အလွန်မသင့်လျော်သော လုပ်ဆောင်မှုများ ဖြစ်ပါသည်။ ဤခေတ်တွင် လက်ခြောက်ချောင်း၊ ခြေခြောက်ချောင်း ရှိသူများအား ဝဋ်မကင်းသူများဟု အသိအမှတ်ပြုကြပါသည်။ မြတ်စွာဘုရား ရုပ်တုတော်အား ဤသို့အဆန်းထွင် ထုလုပ်သူများအဖို့ လွန်စွာပင် အပြစ်ကြီးလှပါသည်။ လုံးဝမလုပ်သင့်သောကိစ္စပင် ဖြစ်ပါသည်။
https://www.dhammaransi.com/index.php/new/1696-2014-03-18-11-00-27.html
ရဟန္တာများနှင့် ဘီစီအေဒီ
အရှင်ဘုရား၊ ၁၉၉၃-ခု ဧပြီလထုတ် မြတ်မင်္ဂလာ စာစောင်၌ ဆရာတော်ဘုရား ဖြေကြားသော ဘာသာရေးပြဿနာ အခန်း၌ ၁။ ပဋိသမ္ဘိဒါပတ္တရဟန္တာ ၂။ ဆဠဘိညရဟန္တာ ၃။ တေဝိဇ္ဇရဟန္တာ ၄။ သုက္ခဝိပဿကရဟန္တာ ဟူ၍ ၄-မျိုးရှိကြောင်း ပါရှိပါသည်။ ၄င်းရဟန္တာ ၄-မျိုး၏ အဓိပ္ပါယ်ကို ထပ်ဆင့်ပြီးသိလိုပါ၍ ဖြေကြားပေးတော်မူပါရန်နှင့် အချို့ ဘာသာရေးဆောင်းပါးမျိုး၌ ပါရှိသော ဘီစီ-ဘယ်နှစ်က အေဒီ-ဘယ်နှစ်က-ဟု ရေးသားထားသည်ကို ဖတ်ရပါသည်။ ၄င်း ဘီစီ။အေဒီ ဆိုသည်များကို အဓိပ္ပါယ်ဖော်ပြ၍ ရှင်းလင်းပေးစေလိုပါသည်ဘုရား။ ( သုမေတ္တာ-မန်ကျည်းသုံးပင်ရွာ ) ( ဖြေ ) ရဟန္တာလေးမျိုးတို့တွင် ၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဆိုသည်မှာ-ရဟန္တာဖြစ်သည်နှင့်တပြိုင်နက် ပိဋကတ်သုံးပုံကို အလုံးစုံ ကျွမ်းကျင်တတ်သိသွားသော ရဟန္တာမျိုး ဖြစ်ပါသည်။ ၂။ ဆဠဘိည ရဟန္တာဆိုသည်မှာဆိုသည်မှာ-ရဟန္တာဖြစ်လျှင်ပင် အဘိညာဉ်ခြောက်ရပ် သမာပတ်ရှစ်ဖြာကို ရရှိနိုင်သော ရဟန္တာမျိုးဖြစ်သည်။ ၃။ တေဝိဇ္ဇ ရဟန္တာဆိုသည်မှာ-ပုဗ္ဗေနိ၀ါသဉာဉ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်တို့ကို ရရှိသော ရဟန္တာမျိုးဖြစ်၍ ၄။ သုက္ခဝိပဿက ရဟန္တာဟူသည်မှာ-ရဟန္တာဖြစ်သော်လည်း စျာန်မရသော ရဟန္တာမျိုးဖြစ်သည်။ အားလုံးရဟန္တာချည်းဖြစ်သော်လည်း ၁-မှာ အဆင့်အမြင့်ဆုံးဖြစ်၍ ၄-မှာ အဆင့်နိမ့်သည်ဟု ဆိုနိုင်ပါသည်။ ကမ္ဘာသက္ကရာဇ်ကို ပြောဆိုရာ၌ ခရာဇ်သက္ကရာဇ်ကို အသုံးပြုရသဖြင့် ခရစ်တော်မပေါ်မီက နှစ်ကို ဘီစီ-ဟုဆို၍ ခရစ်ပေါ်ပြီးမှ နောက်ဖြစ်သော သက္ကရာဇ်ကို အေဒီ-ဟု ဆိုပါသည်။ ဥပမာ-မြတ်စွာဘုရားသည် ဘီစီ-၅၄၄-တွင် ပရိနိဗ္ဗာန်ပြုသည်။ ယခုအချိန်အခါသည် အေဒီ ၂၀-ရာစု ရှိနေပြီဟူသည်တည်း။
https://www.dhammaransi.com/index.php/new/1697-2014-03-18-11-00-05.html
ဆံပင် ဘုရားလှူ
အရှင်ဘုရား၊ တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်။ ယခု ဆံပင်ရှည်၍ ဖြတ်ပြီးလှူမည်လုပ်ရာ အချို့က ဆွပင်အတိုင်း မလှူကောင်း ရောင်၍၊ သို့မဟုတ်-ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရသည်ဟု ပြောပါသည်။ မည်သို့လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။ ( အေးငြိမ်းမိုး-ပန်းတောင်းမြို့ ) ( ဖြေ ) ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-သွား-အရေပြား-တို့နှင့်အတူ တစပဥစကအဝင် ဇေဂုစ္ဆ-သဘောတရားဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော အရာဝတ္ထုပင်ဖြစ်ပါသည်။ အမျိုးသမီးတို့အဖို့ အမွန်အမြတ်ဖြစ်သော်လည်း ရတနာသုံးပါး၌ ဆံပင်အတိုင်း ဆွဲချိန်လှူဒါန်း၍လည်း တင့်တယ်မှုမရှိပါ။ လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန်းရိုးလည်း မရှိပါ။ မြတ်စွာဘုရားလက်ထက်က ဆံပင်ကောင်းသော အမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်ချရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန-စသော ရဟန္တာရှစ်ပါးအား ဆွမ်းချက်လှူဒါန်း၍ ဒိဋ္ဌဓမ္မအကျိုးပေးသဖြင့် မိဖုရားဖြစ်သွားသော ဝတ္ထုတခုကို ထောက်၍ ဆံပင်ကို ရောင်းချလျက် အခြားအကျိုးဖြစ်မည့် အလှူတခုခု လှူဒါန်းခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုပါသည်။
https://www.dhammaransi.com/index.php/new/1698-2014-03-18-10-59-33.html
အဇိတ ရဟန်း
အရှင်ဘုရား၊ နောင်ပွင့်လတံ့သော အရိမေတ္တေယျ ဘုရားအလောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်မှာ အဇိတ-အမည်ရှိ မထင်ရှားသော ရဟန်းဖြစ်ခဲ့ပြီး အဇာတသတ်မင်း၏ သားတော်လည်း ဖြစ်သည်ဟု ဆိုပါသည်။ မည်သည့်ကျမ်းဂန်မှာ လာပါသလဲဘုရား၊ အဇိတ-ရဟန်းသည် ဂေါတမဘုရားရှင် လက်ထက်တွင် မည်သည့်တရား မဂ်အဆင့်ကို ရရှိပါသလဲဘုရား။ ( ဦးဖေသက်ညွန့်-အလုံ ) ( ဖြေ ) အရိမေတ္တေယျဘုရား အလောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်တွင် အဇာတသတ်မင်း၏သား အဇိတမည်သော ရဟန်းတပါး ဖြစ်ကြောင်းမှာ အနာဂတဝင် စာအုပ်များတွင် ပါရှိပါသည်။ ခိုင်ခန်ပသောကျမ်းလာစကား မဟုတ်ပါ။ ( အဇာတသတ်မင်းသည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးအား သတ်၍ မင်းအဖြစ်သို့ ရောက်ပြီးနောက်မှ ပထမသားဦး ရပုံ၊ အဇာတသတ်မင်းဖြစ်ပြီး ၄-နှစ်ခန့်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပုံ စသည်တို့ကို တွက်ချက်ပြဆိုထားသော စာများအရ အဇိတရဟန်း၊ အဇာတသတ်သား ဖြစ်နိုင်-မဖြစ်နိုင် စိစစ်ချက်များလည်း ရှိပါသည်။ ) အဇိတရဟန်းသည် အရိမေတ္တေယျ ဘုရားလောင်းဖြစ်လျှင် ဤဂေါတမဘုရားရှင် လက်ထက်၌ မည်သည့်တရား မဂ်ဖိုလ်မျှ မရနိုင်ပါ။ ရလျှင်လည်း အရိမေတ္တေယျဘုရား ဖြစ်တော့မည်မဟုတ်၊ သောတာပတ္တိမဂ်ဖိုလ်ကို ရလျှင်ပင် ခုနစ်ဘဝမျှဖြင့် နိဗ္ဗာန်စံဝင်သွားတော့မည်ဖြစ်ကြောင်း သိထားသင့်ပါသည်။
https://www.dhammaransi.com/index.php/new/1699-2014-03-18-10-59-17.html
နတ်ဗြဟ္မာနှင့် ရဟန္တာ
အရှင်ဘုရား၊ ဆောင်းပါးရှင်တဦး ရေးသားထားသည်မှာ ဗုဒ္ဓမြတ်စွာ မဟာသမယသုတ်တော်ကို ဟောကြားရာတွင် နာကြားရသော နတ်ဗြဟ္မာများ သုတ်တော်၏အဆုံး၌ ကုဋေတသိန်းခန့် ရဟန္တာဖြစ်သည်ဟု ပါရှိပါသည်။ နတ်ဗြဟ္မာများ ရဟန္တာ ဖြစ်နိုင်-မဖြစ်နိုင် ဖြေကြားပေးတော်မူပါဘုရား။ ( ဦးသာဆင်-ရေကြည်မြို့၊ ဧရာဝတီတိုင်း ) ( ဖြေ ) ဣတိ-ဤသို့၊ ဒေသနာပရိယောသာနေ-ဤမဟာသမယသုတ်ကို ဟောတော်မူပြီးသော အဆုံး၌၊ ကောဋိသတ သဟဿဒေဝတာ-ကုဋေတသိန်းသော နတ်ဗြဟ္မာတို့သည်။ အရတ္တံ-အရဟတ္တဖိုလ်သို့၊ ၀ါ-ရဟန္တာအဖြစ်သို့။ ပတ္တာ-ရောက်ကြကုန်၏။ သောတာပန္နာဒီနံ-သောတာပန်, သကဒါဂါမ်, အနာဂါမ်, ဖြစ်ကုန်သော နတ်ဗြဟ္မာတို့၏။ ဂဏနာ-အရေအတွက်သည်။ နတ္ထိ-မရှိ။ ဟု ၄င်းသုတ်အဋ္ဌကထာ၌ ဆိုထားပါသည်။ နတ်ဗြဟ္မာတို့သည် ရဟန္တာ ဖြစ်နိုင်ကြပါသည်။ စတုမဟာရာဇ်မှစ၍ ဝသဝတ္တီအထိ နတ်ပြည်ခြောက်ထပ်ရှိ နတ်တို့သည် သောတာပန်, သကဒါဂါမ်, အဖြစ်ဖြင့် နေနိုင်ကြ၍ အနာဂါမ်ဖြစ်လျှင် ထိုနတ်ဘုံတို့မှ စုတေပြီး အထက်ဗြဟ္မာ့ဘုံ ( သုဒ္ဓါ၀ါသဘုံ ) တို့သို့ ရောက်ကြရပါသည်။ ထို့ကြောင့် နတ်ပြည်၌ ရဟန္တာဖြစ်လျှင် ဗြဟ္မာ့ပြည်သို့ ပြောင်းကြရကြောင်း မှတ်သားသင့်ပါသည်။ Last Updated (Monday, 15 November 2010 11:31)
https://www.dhammaransi.com/index.php/new/1700-2014-03-18-10-58-57.html
ခေတ်သုံးပါးနှင့် လောကဓာတ်
အရှင်ဘုရား၊ ဇာတိခေတ်၊ အာဏာခေတ်၊ ၀ိသယခေတ်၊ သုံးပါးနှင့် လောကဓာတ်၊ စကြာဝဠာတိုက် ဟူသည် မည်သို့ထူးခြားသည်ကို ရှင်းလင်းဖြေကြားတော်မူပါဘုရား။ ( မောင်မြင့်ကြည်-မိတ္ထီလာမြို့ ) ( ဖြေ ) ဇာတိခေတ်-ဟူသည်မှာ မြတ်စွာဘုရား ဖွားမြင်တော်မူရာ ဤစကြဝဠာနှင့် ဖြစ်ဖော်ဖြစ်ဖက်၊ ပျက်ဖော်ပျက်ဖက် (ဖွားတော်မူရာ၊ ဘုရားအဖြစ်ရောက်ရာ၊ ဓမ္မစကြာတရား ဟောတော်မူရာတို့၌ အတူတုန်လှုပ်ရာ) စကြာဝဠာ တိုက်တသောင်းကို ဆိုပါသည်။ အာဏာခေတ်ဆိုသည်မှာ မြတ်စွာဘုရား၏ တန်ခိုးတော်၊ ပရိတ်တော်၊ အာဏာတော်ပျံ့နှံ့ရာ စကြဝဠာကုဋေတသိန်းကို ဆိုပါသည်။ ၀ိသယခေတ်ဟူသည်မှာ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ် ကျက်စားရာ စကြာဝဠာအနန္တကို ဆိုပါသည်။ ထို့ကြောင့် စကြာဝဠာ တခုမျှကိုသာ ဆိုသော လောကဓာတ်တခု၊ စကြာဝဠာတခု ဟူသည်မှာ ဇာတိခေတ်၏ အတွင်း၌ ပါဝင်သော ဌာနတစိတ်မျှသာ ဖြစ်ပါသည်။
https://www.dhammaransi.com/index.php/new/1701-2014-03-18-10-58-33.html
နတ်ဗိမာန်များ
အရှင်ဘုရား၊ ယခုခေတ် အာကာသယာဉ်များသည် လကမ္ဘာ၏ ဟိုမှာဘက် အလွန်အထိ ခရီးဆက်ကြသည်ဟု ကြားဖူး ဖတ်ဖူးပါသည်။ သို့သော် လမ်းခရီး၌ နတ်ပြည် နတ်ဗိမာန်များကို တွေ့ရကြောင်း မကြားဖူး မဖတ်ဖူးပါ။ ထို့ကြောင့် နတ်ပြည် နတ်ဗိမာန်များ တကယ်ရှိ-မရှိ မေးလျှောက်ရပါသည်၊ ဖြေကြားတော်မူပါဘုရား။ ( မောင်မြင့်ကြည်-မိတ္ထီလာမြို့ ) ( ဖြေ ) လူတကိုယ်လုံး၌ ရုပ်တရားများသည် သြဠာရိကရုပ်၊ သုခုမရုပ်-ဟူ၍ ရှိသည်။ ဥတုဇရုပ်မှာ သြဠာရိကရုပ်မျိုးဖြစ်၍ မြင်ရ တွေ့ထိ၍ရသည်။ သုခုမရုပ်မှာ မမြင်ရ တွေ့ထိ၍ မရသောရုပ်ဖြစ်သည်။ ပုံစံမှာ မျက်စိတွင် မြင်ဓာတ်-စက္ခုပသာဒရုပ်၊ နားတွင် ကြားဓာတ်-သောတပသာဒရုပ် စသည် ငါးမျိုးဖြစ်သည်။ ၄င်းသုခုမရုပ်များမှာ လူသေလျှင် မီးငြိမ်းသလို ကြိုတင်၍ ကွယ်ပျောက်ကုန်သည်။ ထိုလူတို့၏ သုခုမရုပ်များ သဖွယ် နတ်တို့၏ တကိုယ်လုံးရုပ်များသည် သုခုမရုပ်များပင်ဖြစ်၍ လူများက ၄င်းတို့အား မမြင်နိုင်။ ဆီများသည် ၀ါဂွမ်း၌ စိမ့်၍ဝင်နိုင်သလို သြဠာရိကရုပ်များက သုခုမရုပ်အတွင်းသို့ စိမ့်၍ဝင်နိုင်သည်။ မမြင်ရသော နတ်တို့ ကိုယ်တွင်းသို့ လူများ၊ လူ၏ ကိုယ်တွင်းသို့ နတ်များ ဆီနှင့်ဂွမ်းလို ပူးပေါင်းဝင်ရောက်နိုင်ကြသည်။ ထို့အတူ နတ်ဗိမာန်များသည် ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်၍ သုခုမသဘောရှိလေသည်။ အာဠဝီပြည် အနီးတွင် အာဠာဝက နတ်ဘီလူး၏ ဗိမာန်ကြီး ရှိသည်။ လူများ တိရစ္ဆာန်များ မမြင်ရ။ တိုးဝင်၍ သွားနေသော်လည်း မသိကြ။ တန်ခိုးရှင် မြတ်စွာဘုရားသာ သိ၍ ဝင်ရောက်သီတင်းသုံးတော်မူသည်။ ဟေမဝတ သာတာဂိရိနတ်တို့လည်း မြင်၍ ရှောင်ကွင်း သွားနေကြရသည်။ ထို့အတူ ကောင်းကင်၌ နတ်ဗိမာန်ရှိရာ တန်ခိုးရှင်တို့နှင့် နတ်အချင်းချင်းတို့သာမြင်၍ ရှောင်ကွင်းသွားနေကြသည်။ ရုက္ခစိုး စသည်တို့မှာလည်း သစ်ပင်ပေါ်၌တက်၍ နေကြသည်မဟုတ်။ သစ်ပင်အနီး (သို့မဟုတ်) ထိပ်ဖျားစသည်၌ ဗိမာန် သီးခြားရှိပေသည်။ တန်ခိုးရှင်နှင့် သူတို့အချင်းချင်းသာ မြင်ရသည်။ လူများမမြင်ရပါ။ ထိုသဘောကို ဆင်ခြင်၍ ကောင်းကင်ရှိ နတ်ပြည်၊ နတ်ဗိမာန်တို့နှင့် အာကာသယာဉ်တို့ဆိုင်ရာ ပြဿနာကို ရှင်းလင်းနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်
https://www.dhammaransi.com/index.php/new/1702-2014-03-18-10-57-59.html
ခန္တီ-သည်းခံခြင်း
( မေး ) ( ခန္တီ-သည်းခံခြင်း ) အရှင်ဘုရား၊ ခန္တီပါရမီ (သည်းခံခြင်း) ၏ ဆိုလိုရင်းတွင် သည်းခံခြင်းသည် မြတ်၏-ဟုဆိုရာ သည်းခံခြင်းဖြင့် မည်ကဲ့သို့ မြတ်သည်ကို ဖြေကြားတော်မူပါဘုရား။ ( မောင်ကျော်ဆန်း-ထားဝယ် ) ( ဖြေ ) ခန္တျာ ဘိယျော န ၀ိဇ္ဇတိ-ခန္တီပါရမီထက် လွန်ကဲသော ပါရမီ မရှိ။ ခန္တီ ပရမံ တပေါ တိတိက္ခာ-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း-ဟူသော ဆိုရိုးစကားများ အရ ပါရမီဆယ်ပါးတွင် ခန္တီပါရမီမှာ အခက်ခဲဆုံးနှင့် အဖြစ်နိုင်ခဲဆုံးသော တရားဖြစ်သည်။ ဒါနစသော ပါရမီဆယ်ပါးလုံးတွင် ခန္တီပါရမီ ပါရသည်။ တနည်းaအားဖြင့် ခန္တီပါရမီ သည်းခံနိုင်မှ ကျန်ပါရမီအားလုံးကို ဖြည့်ကျင့်နိုင်သည်။ ဒါန သီလစသော ပါရမီတို့တွင် ပါရမီမြောက်အောင် စိတ်ကို နှိပ်ကွပ်၊ ထိန်းသိမ်းနိုင်မှုမှာ ခန္တီဖြစ်သည်။ ကုသိုလ်အားလုံး၏ အခြေခံတရားမှာလည်း သည်းခံနိုင်မှုသာ ဖြစ်သည်။ ခန္တီပါရမီရှင်သည် မေတ္တာတရား အားကြီးသူသာ ဖြစ်သဖြင့် မေတ္တာရှင်လည်း ဖြစ်ပေရာ အမျက်ဒေါသ၊ အပြစ်ဟူသမျှကို ချေဖျက်နိုင်၍ အလွန်တရာ မြင့်မြတ်လှပေသည်။ ထို့ကြောင့် အောင်နိုင်ခက်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်-စသည်ဖြင့် ခန္တီပါရမီရှင်သည် စစ်ပွဲတကာတွင် အောင်မြင်နေကျ စစ်သူကြီး သဖွယ်ဖြစ်ကြောင်း ဆိုပေသည်။
https://www.dhammaransi.com/index.php/new/1703-2014-03-18-10-57-38.html
ရေစက်ချ အမျှဝေ
( မေး ) ( ရေစက်ချ အမျှဝေ ) အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။ အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၄င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။ ( ဦးဝမ်း-၃-ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူး ) ( ဖြေ ) ရေစက်ချခြင်းဟူသည်မှာ- အလှူတခု လှူဒါန်းရာ၌ ၁။ လှူဒါန်းခြင်း ၂။ ဆုတောင်းခြင်းနှင့် ၃။ အမျှဝေခြင်း ဟူ၍ အပိုင်း ၃-ပိုင်းရှိရာ ဤပစ္စည်း ဤဝတ္ထုများကို လှူဒါန်းပါ၏။ ဤသို့လှူဒါန်းရသောကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏။ ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါတို့ ရရှိကြပါစေ-ဟု စိတ်စေတနာ လေးလေးနက်နက်ဖြင့် အမျှဝေရခြင်းမှာ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုရိုးအစဉ်ပင် ဖြစ်ပါသည်။ ဝေဿန္တရာမင်းကြီးသည် ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါသည်။ ထိုရေစက်ချ အမျှဝေမှုသည်ပင် မာရ်နတ် စစ်တိုက်လာရာ၌ ဤဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်း၍ ရေစက်ချခဲ့သည်ကို ဤမဟာပထဝီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုသဖြင့် ပထဝီမြေကြီးက သက်သေခံခဲ့ပါသည်။ အလှူရှင်မှာ အခြား အကုသိုလ်အကျိုးပေး၍ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေ ဖူးသည်မဟုတ်လော-ဟု သတိပေး၍ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါသည်။ ထို့ပြင်လည်း ပုညကိရိယ ဝတ္ထု (ကုသိုလ်ကောင်းမှု) ၁၀-ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) သည်လည်း ဒါနစသော ကုသိုလ်တို့ကဲ့သို့ ကုသိုလ် တမျိုးဖြစ်ရာ ရေစက်ချ၊ အမျှဝေသဖြင့် ကုသိုလ်တမျိုး တိုးနိုင်ပါသေးသည်။ အလှူလှူရာ၌ ဆုတောင်းခြင်းမပြုဘဲ လှူခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်၍ နိဗ္ဗာန်ကို ဆုတောင်းမှ ဒါနပါရမီ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပါရမီဒါန ပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း စသည့် ရေစက်ချမှုကို မပြုမနေ ပြုလုပ်ကြရပါသည်။
https://www.dhammaransi.com/index.php/new/1704-2014-03-18-10-57-20.html
ရဟန်းခံနှင့် သိက္ခာချ
( မေး ) ( ရဟန်းခံနှင့် သိက္ခာချ ) အရှင်ဘုရား၊ ရဟန်းခံရာတွင် ကာရကသံဃာထဲ၌ ပါရာဇိက ရဟန်းတပါး ပါပါက ပဥ္စင်းလောင်း ရဟန်း ဖြစ်-မဖြစ် နှင့် သိက္ခာချလိုသော ရဟန်းသည် ဘုရားရုပ်ပွားတော်ရှေ့တွင် မိမိကိုယ်ကို သိက္ခာချ၍ ရနိုင်-မရနိုင် ဖြေကြားပေးတော်မူပါဘုရား။ ( အဂ္ဂဉာဏ-က-တ၊ တောင်ငူ ) ( ဖြေ ) ရဟန်းခံရာ၌ ပါရာဇိက ရဟန်းအပြင် ငါးပါးရှိက ပဥ္စင်းလောင်း ရဟန်းဖြစ်ပါသည်။ (ယခင်က ကျမ်းညွှန်းပါဠိနှင့်တကွ ဖြေဆိုခဲ့ပြီး ဖြစ်သည်)။ သိက္ခာချရာ၌ စိတ်၊ ခေတ်၊ ကာလ၊ ပယောဂ၊ ပုဂ္ဂလ၊ ၀ိဇာနန-အင်္ဂါ ၆-ပါးရှိရာ နားထောင်နေသော ပကတိ စိတ်မှန်ပုဂ္ဂိုလ်နှင့် သိက္ခာချသံကိုကြား၍ သိခြင်းအင်္ဂါနှင့်ပြည့်စုံရန် လိုအပ်လှသဖြင့် ဘုရားရှေ့၌ မိမိကိုယ်ကို သိက္ခာချ၍ မရပါ။ နားထောင်နေသော ပုဂ္ဂိုလ်တဦးဦး (သို့မဟုတ်) အများရှိရန် လိုအပ်လှပါသည်။ အထူးမှတ်သားရန်မှာ ရှင်သာမဏေပြုရာ၌ ဆရာရော သာမဏေလောင်းပါ သရဏဂုံပီသခြင်း (ဥဘတောဝိသုဒ္ဓိ) အရေးကြီးသဖြင့် ရှင်ဖြစ်ရန်ခက်သော်လည်း လူထွက်ရာ၌ လူဝတ်လဲလှယ်ရုံမျှဖြင့် ပြီးသောကြောင့် အပြုခက်၍ အထွက်လွယ်ပါ သည်။ ရဟန်းခံရာ၌ ရဟန်းလောင်း အင်္ဂါညီသူအဖို့ ကမ္မဝါဆရာများက ကမ္မဝါစာပီသစွာ ဖတ်ရွတ်နိုင်လျှင် ရဟန်းဖြစ်သည်။ လူထွက်ရာ၌မူ သိက္ခာချအင်္ဂါနှင့် ညီညွတ်ရန် ခက်လှသဖြင့် အဖြစ်လွယ်ကာ အထွက်ခက်လှသည်။ ထို့ကြောင့် လွယ်လွယ်သိက္ခာချရန် မသင့်ကြောင်း သတိပြုသင့်ပါသည်။
https://www.dhammaransi.com/index.php/new/1705-2014-03-18-10-56-41.html
သွေးလှူဒါန်းခြင်း
အရှင်ဘုရား၊ တပည့်တော်သည် ဆင်းရဲချို့တဲ့သဖြင့် အလှူဒါန ကြီးကြီးကျယ်ကျယ် မပြုနိုင်ပါ။ သို့သော် သွေးလှူဒါန်းမှုကိုမူ မကြာမကြာ ပြုပါသည်။ သွေးလှူဒါန်းခြင်းသည် မည်ကဲ့သို့ ကုသိုလ်ရကြောင်း၊ ဒါနအများတွင် မည်သည့်ဒါနမျိုးဖြစ်ကြောင်း သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။ ( မသီတာ-ဘုရင့်နောင်စျေး၊ ရန်ကုန် ) ( ဖြေ ) နိဗ္ဗာန် မဂ်ဖိုလ်ကို ဆုတောင်း၍ အပဗဟိဒ္ဓဖြစ်သော ပစ္စည်းဝတ္ထု (တိုင်းပြည်နှင့် သားမယားအထိ) လှူဒါန်းသော ဒါနမှာ ဒါနပါရမီဖြစ်၍ အင်္ဂါ, ခြေ, လက်, မျက်စိ, နား, နှာ စသည် လှူဒါန်းသောဒါနမှာ ရိုးရိုးဒါနပါရမီထက် မွန်မြတ်သော ဒါနဥပပါရမီ ဖြစ်ပါသည်။ သူတပါးအတွက် မိမိအသက်ကို စွန့်လှူသော ပါရမီမှာ အမြတ်ဆုံး ပရမတ္ထပါရမီ ဖြစ်ပါသည်။ သွေးလှူခြင်းမှာ ဗဟိဒ္ဓပစ္စည်းဝတ္ထုထက် အရင်းကျသော အဇ္ဈတ္တဝတ္ထုသွေးဖြင့် ကယ်ဆယ်သောသဘော ဖြစ်သဖြင့် ဒါနဥပပါရမီ၌ သွင်း၍ရပါသည်။ ထူးမြတ်သော အသက်ကယ်ဒါန (ဇီဝိတဒါန) ဖြစ်သဖြင့် သွေးလှူခြင်းမှာ အလွန်မွန်မြတ်လှပါသဖြင့် ကြိုးစား၍ လှူဒါန်းစေလိုပါသည်။